Competition Award ကဝေပျို၏ ပစ္စုပ္ပန်

ကဝေပျို၏ ပစ္စုပ္ပန်

demo image

သရုပ်ဆောင် - ရန်အောင်၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်
ဒါရိုက်တာ -   မိုက်တီး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်

စောကြည်ဖြူနှင့် မြင့်စန်းရီတို့သည် MIT တွင် ကွန်ပျူတာ သင်တန်းတက်ရောက်နေကြသူများဖြစ် သည်။ စောကြည်ဖြူသည် အူတူတူ အတတ လူတစ်ဦးဖြစ်သည်။ သူလုပ်နေသမျှ အလွဲလွဲအချော်ချော်ဖြစ်တတ် သည်။ နယ်မှလာသူတစ်ဦးဖြစ်ပြီး ရန်ကုန်တွင် သူငယ်ချင်းများနှင့်အတူ အိမ်ငှားနေထိုင်ခဲ့ကြ၏။
မြင့်စန်းရီ၏ မိဘများက ချမ်းသားသည်၊ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်ကာ ကုမ္ပဏီတည်ထောင်ထား သည်။ အသိုင်းအ၀န်း ဂုဏ်ဓန မြင့်မားသော်လည်း၊ မြင့်စန်းရီက  ခေတ်မဆန် ရိုးရိုး အေးအေးပင် နေတတ် သည်။ ကွန်ပျူတာ သင်တန်းတက်ရင်း  စောကြည်ဖြူနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

.         စောကြည်ဖြူနှင့်မြင့်စန်းရီ ခင်မင်ရင်းနှီးခဲ့ပြီး မြင့်စန်းရီထံမှ အချစ်ကို တောင်းခံခဲ့ပါ၏။ မြင့်စန်းရီက စော ကြည်ဖြူအပေါ် သံယောဇဉ်တွယ်မိခဲ့သော်လည်း မိဘများက ကုမ္ပဏီ မန်နေဂျာ လူပျိုကြီး ဦးအောင်မော်နှင့် နေရာချထားပေးရန် စီစဉ်ထားသဖြင့် မြင့်စန်းရီ တွေဝေစိတ်ဆင်းရဲခဲ့ရသည်။ နောက်ဆုံးတွင် မြင့်စန်းရီက သုံးဦးသားဆုံတွေ့ပြီး ဦးအောင်မော်ကို ဖွင့်ပြောမေတ္တာရပ်ခံရန် စီစဉ်ခဲ့ပါ၏။
သို့သော် အစီအစဉ်ကို ကြိုတင်မသိခဲ့သော စောကြည်ဖြူက သူ့ကို အလိမ္မာသုံးကာ ငြင်းပယ်လိုက်သည်ဟု ခံစားလိုက်ရပြီး၊ မြင့်စန်းရီ လုပ်ရက်လေခြင်းဟု အထင်လွဲမှားသွားခဲ့ပါ၏။ သူငယ်ချင်း များနှင့် မြင့်စန်းရီကိုယ်တိုင်က အဖြစ်မှန်ကို ရှင်းလင်းပြရန် ကြိုးစားခဲ့သော်လည်း အားလုံးအလွဲလွဲအချော်ချော် ဖြစ်ခဲ့ရသည်။ သင်တန်းများပြီးဆုံး၍ မြင့်စန်းရီ နယ်ရှိဆွေမျိုးများထံ ပြန်တော့မည့်အချိန်ကျမှ စောကြည်ဖြူ အဖြစ်မှန်များကို သိရှိသွားပြီး အဝေးပြေးကားဂိတ်ကို အသည်းအသန် လိုက်ခဲ့ပါ၏။ သို့သော် ထုံးစံအတိုင်း အလွဲလွဲအချော်ချော် ဖြစ်ကာ ဝေးခဲ့ကြရပါတော့သည်။
စောကြည်ဖြူ လွမ်းဆွတ်ကြေကွဲ၍ မဆုံးမီမှာပင် မြင့်စန်းရီ ရန်ကုန်သို့ ပြန်ရောက်လာခဲ့သည်။ သူငယ် ချင်းများ၏ ကူညီဖေးမမှုဖြင့် စောကြည်ဖြူနှင့် မြင့်စန်းရီ ပြန်လည်ဆုံစည်းခဲ့ကြသည်။ မြင့်စန်းရီက မိမိတို့နီးစပ်မှု မှာ ဖခင်ကြီးဦးမိုးမြင့် သဘောတူကြည်ဖြူမှသာဖြစ်နိုင်မည်ဟု ဆို၍ ဦးမိုးမြင့် ကျေနပ်သဘောတူလာအောင် ကြိုးစားပါမည်ဟု စောကြည်ဖြူ ကတိပေးခဲ့ပါသည်။
.       မြင့်စန်းရီ၏ အစီအစဉ်နှင့်ပင် ဖခင်ဦးမိုးမြင့်၏ ကုမ္ပဏီတွင် အလုပ်ဝင်ရန် စောကြည်ဖြူလျှောက်လွှာ တင်ခဲ့သည်။ လူတွေစစ်ဆေးမည့်နေ့တွင် ထုံးစံအတိုင်း အလွဲလွဲအချော်ချော်များ ဖြစ်ခဲ့ပြန်ပါ၏။ လူတွေ့စစ်ဆေး သူမှာ ဦးအောင်မော် ဖြစ်နေ၍ ပိုဆိုးခဲ့သည်။ အလုပ်ရရန် မည်သိုမှ မျှော်လင့်ချက်မရှိတော့ပေ။ သို့သော် ကံကောင်းထောက်မစွာပင် အင်တာဗျူးဖြေရန် အလာ လူကြီးတစ်ယောက်၏ အသက်ကို ကယ်တင်ခွင့်ကြုံခဲ့ သည်။ ထိုလူကြီးမှာ ကုမ္ပဏီပိုင်ရှင်လည်းဟုတ် မြင့်စန်းရီ၏ ဖခင်လည်းဖြစ်သည့် ဦးမိုးမြင့်ပင်ဖြစ်ပါ၏။ ထို့ ကြောင့်ပင်ဦးမိုးမြင့် ကိုယ်တိုင် စောကြည်ဖြူကို ခြွင်းချက်မရှိ အလုပ်ခန့်လိုက်ပါတော့သည်။ အလုပ်စ၀င်သည်နှင့် စောကြည်ဖြူကို လက်ထောက်မန်နေဂျာရာထူးတွင် အစမ်းခန့်အပ်ခဲ့သည်။ သို့သော် ထုံးစံအတိုင်း အလွဲလွဲအချော်ချော်များလုပ်မိ၍ တဖြည်းဖြည်းအဆင့်လျော့က နောက်ဆုံးဂိုဒေါင်စောင့်အဖြစ်သို့ ရောက်ရှိသွားခဲ့ပါ၏။ ဦးအောင်မော် ကျေနပ်ဝမ်းသာနေသလောက်၊ စောကြည်ဖြူဝမ်းနည်းနေရသလို မြင့်စန်းရီ မှာလည်း ကရုဏာဒေါသများဖြစ်ခဲ့ရပါ၏။
စောကြည်ဖြူနျင့် မြင့်စန်းရီတို့မှာ နီးရက်နှင့်ဝေးရတော့မလို ဖြစ်နေချိန်တွင် ရိုးသားစွာကူညီတတ်သည့် စောကြည်ဖြူ၏ အကျင့်ကြောင့်ပင် ကုမ္ပဏီလုပ်ငန်းအောင်မြင်လာရုံမျှမက မြင့်စန်းရီ၏အဖွား ဦးမိုးမြင့်၏ မိခင် ဒေါ်မြမြ၀င်းက အပြည့်အ၀ ထောက်ခံပေးသည့်အတွက် စောကြည်ဖြူနှင့် မြင့်စန်းရီတို့ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲ ရန် အခြေအနေထိ ရောက်ရှိလာခဲ့ပါတော့၏။
ထုံးစံအတိုင်း မင်္ဂလာဧည့်ခံပွဲကျင်းပမည့်အချိန်တွင် စောကြည်ဖြူ၏ အကျင့်အတိုင်း အလွှဲလွှဲအချော်ချော် လုပ်ခဲ့ရာ ဦးမိုးမြင့် ဒေါသမထိန်းနိုင်တော့ဘဲ မင်္ဂလာပွဲကို သူကိုယ်တိုင် ဖျက်သိမ်းကြောင်း၊ မြင့်စန်းရီနှင့် စောကြည်ဖြူကို ဘယ်တော့မှ မပေးစားနိုင်ကြောင်း အတိအလင်း ကြေငြာလိုက်ပါတော့သည်။ မြင့်စန်းရီမှာလည်း စောကြည်ဖြူအပေါ် ခွင့်မလွှတ်နိုင်တော့လောက်အောင် စိတ်ပျက်သွားသည့်အတွက် ဖခင်၏ အစီအစဉ်ကို လက်ခံသဘောတူပြီး နယ်ရှိ ဆွေမျိုးများထံ ထွက်သွားပါတော့၏။ အဖွားဖြစ်သူ ဒေါ်မြမြ၀င်း သိလျှင် လက်ခံမည်မဟုတ်၍ အာရုံပြောင်းသွားအောင် ဦးမိုးမြင့်က  နိုင်ငံအနှံ့ ဘုရားစုံဖူးရန် စီစဉ်ပေးလိုက်ပါ ၏။

စောကြည်ဖြူ ဆောက်တည်ရာမရ ဖြစ်ပြီး မည်သို့ဆက်လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ရသည်။ သူငယ်ချင်း များက နယ်ထိလိုက်ပြီး မြင့်စန်းရီကို ကျေနပ်သည်အထိ တောင်းပန်ရန် အကြံပေးကြသည်။ စောကြည်ဖြူဘာမှ မစဉ်းစားနိုင်တော့ဘဲ၊ ချက်ချင်းပင်ထ ထွက်လာခဲ့ပါ၏။ ရုတ်တရက် ထွက်လာခဲ့၍ ငွေကြေးအလုံအလောက်ပါမ လာသောကြောင့် စပယ်ယာ၏ ပညာပေးမှုကို တစ်လမ်းလုံး ခံစားခဲ့ရပါ၏။ အချောင်ခံစားလိုက်ရသူမှာ အတူပါ လာသူ သူငယ်ချင်း ဓာတ်ရှင်ကြောင်ပင်ဖြစ်သည်။
စောကြည်ဖြူနှင့် ဓာတ်ရှင်ကြောင်တို့မြင့်စန်းရီတို့ ရွာသို့ရောက်လာသည့်အခါ၊ မည်သို့တည်းခိုနေထိုင် ရမှန်းမသိဖြစ်ခဲ့ရပြန်သည်။ နောက်ဆုံးတွင် ဓာတ်ရှင်ကြောင်၏ အကြံပေးချက်အရ ရွာဘုန်းကြီးကျောင်းတွင် မေတ္တာရပ်ခံတည်းခိုကြရန် ဆုံးဖြတ်ခဲ့ကြသည်။
ဆရာတော်၏ ခွင့်ပြုချက်အရ စောကြည်ဖြူတို့တည်းခိုခွင့်ရရှိခဲ့ကြသည်။ ပေါတောတော၊ ခပ်ပျော်ပျော် နေတတ်သော ဘုန်းကြီးကျောင်းသားကြီးမောင်စံ လိုလေသေးမရှိကူညီပေးခဲ့သည်။ မောင်စံထက်ပို ဂရုစိုက်သူ က ဆရာတော်ကြီး၏တူမ ကြာဖြူပင်ဖြစ်သည်။ ကြာဖြူမှာ ဦးနှောက်ကျပ်မပြည့်သူတစ်ဦးဖြစ်သည်။ မိဘများမရှိ တော့၍ ဆရာတော်ကြီးက ခေါ်ယူစောင့်ရှောက်ထားရသူဖြစ်သည်။ ကျပ်မပြည့်သူ ကြာဖြူနှင့် အူတူတ အတတ စောကြည်ဖြူတို့ဆုံမိသွားကြရာ ဓာတ်ရှင်ကြောင်မှာ ရင်တမမဖြစ်နေရပါတော့၏။
စောကြည်ဖြူက မြင့်စန်းရီနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံတောင်းပန်ရန် ကြိုးစားခဲ့သော်လည်း၊ မြင့်စန်းရီ မှာ အိမ်ထဲကအိမ်ပြင်ထွက်ခဲလှ၍ တွေ့ဆုံတောင်းပန်ခွင့်မရခဲ့ပေ။ ထို့ပြင် ရွာထဲမှလူပျိုကြီး တင်မောင်လွင်က မြင့်စန်းရီကို သဘောကျပိုးပန်းနေကြောင်း ကြားသိလိုက်ရ၍ စောကြည်ဖြူ ပို၍ ပင်စိုးရိမ်းပူပန်ခဲ့ပါ၏။
ဘုန်းကြီးကျောင်းသားမောင်စံ၏ အကြံပေးမှုဖြင့် မနက်ဘက်ဆွမ်းခံကြွချိန်တွင် စောကြည်ဖြူက ဘုန်းကြီးကျောင်းသားအဖြစ် ဆွမ်းချိုင့်ကိုင်ကာ လိုက်သွားခဲ့ပါ၏။ ဆွမ်းထွက်လောင်းသောမြင့်စန်းရီက တွေ့ပြီး အံ့သြသွားခဲ့သည်။ စောကြည်ဖြူက ရသမျှအချိန်လေးအတွင်း တောင်းပန်စကားဆိုခဲ့သော်လည်း မြင့်စန်းရီ၏ ကြီးတော်က လှမ်းကြည့်နေ၍ သေချာစွာ မပြောနိုင်ဘဲ ထွက်လာခဲ့ရသည်။
မြင့်စန်းရီထံမှ ခါးခါးသည်းသည်း အမူအယာမျိုးမတွေ့ရဘဲ၊ သံယောဇဉ်မကုန်သေးသည့်ပုံစံကို မြင်တွေ့ လိုက်ရ၍ စောကြည်ဖြူ ကျေနပ်ဝမ်းသာခဲ့သည်။ သို့သော်လည်း တင်မောင်လွင်က မြင့်စန်းရီအိမ်သို့ ၀င်ထွက် ခွင့်ရနေသည့်အပြင်၊ မြင့်စန်းရီ၏ ဆွေမျိုးများက သဘောတူကြည်ဖြူ နေကြသည့်အတွက် စောကြည်ဖြူ ရင်မအေးနိုင်ဖြစ်နေရပါ၏။ ထို့အပြင် ကြာဖြူကလည်းစောကြည်ဖြူအပေါ် စိတ်ဝင်စားနေ၍ စောကြည်ဖြူ အကြံ အိုက်နေခဲ့ပါသည်။
ဘုန်းကြီးကျာင်းသို့ ဥပုသ်လာစောင့်သော မြင့်စန်းရီကို စကားပြောခွင့်ရရန်စောကြည်ဖြူကြိုးစားခဲ့သည်။ သို့သော် မြင့်စန်းရီအနားတွင် တင်မောင်လွင်ရှိနေ၍လည်းကောင်း၊ ကြာဖြူကလည်း အများအထင်လွဲလောက် အောင် စောကြည်ဖြူအနား တပူးကပ်ကပ်ရှိနေ၍လည်းကောင်း၊ စောကြည်ဖြူအကြံမအောင်မြင်ခဲ့ပေ။ မြင့်စန်းရီ ကလည်း စောကြည်ဖြူနှင့် ကြာဖြူတို့ကို အကဲခတ်နေခဲ့ပါ၏။ မောင်စံနှင့် ဓာတ်ရှင်ကြောင်တို့က ကူညီပေးခဲ့၍ တင်မောင်လွင်နှင့် ကြာဖြူတို့ကို ပထုတ်လိုက်နိုင်သော မြင့်စန်းရီနှင့် တွေ့ပြီး အေးအေးဆေးဆေး စကားပြော ရန် ချိန်းဆိုလိုက်နိုင်ခဲ့သည်။
သို့သော်လည်း ထုံးစံအတိုင်းချိန်းဆိုထားသည့်ညတွင် စကားမပြောရသေးခင်လူမိသွား၍ ၀က်ခြံထဲဝင် ပုန်းကာ၊ လစ်ပြေးခဲ့ရပြန်ပါ၏။ ထိုနည်းတူစွာ မောင်စံအကြံပေးသည့်အတိုင်း ရွာဓလေ့နှင့်အညီ အိမ်အောက်မှ နေ၍ ကြမ်းပေါက်မှတဆင့် အပျိုလူပျိုစကားပြောရန် ကြိုးစားပြန်သော်လည်း၊ အလွဲလွဲအချော်ချော်ဖြစ်ကာ မ အောင်မြင်ခဲ့ရပေ။
ထို့နောက်ပိုင်းမြင့်စန်းရီကို မတွေ့ရတော့၍၊ စောကြည်ဖြူနေမထိ ထိုင်မသာဖြစ်ခဲ့ရသည်။ ဒီကြားထဲ ကြာဖြူက အတင်းလိုက်ရောနေသလို၊ တင်မောင်လွင်ကလည်း မြင့်စန်းရီနားက မခွာသဖြင့် စောကြည်ဖြူပိုပြီး ခံစားနေရပါ၏။ ထိုအချိန်တွင် နောက်မှလိုက်လာသော သူငယ်ချင်းအိုင်လက်ဖြူရောက်လာ၍ စောကြည်ဖြူအား တက်ခဲ့ရသည်။ ပိုဝမ်းသာစရာ ကောင်းသည်မှာရွာဆရာတော်နှင့် အိုင်လက်ဖြူမှာ ယခင်ကပင်  ခင်မင်ရင်းနှီးခဲ့ဖူး သူများဖြစ်နေခြင်းပင်ဖြစ်၏။
ဝမ်းနည်းစရာကောင်းသည်မှကား ဦးမိုးမြင့်နှင့် ဦးအောင်မော်တို့ရွာသို့ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။ ဦးအောင်မော်က  မြင့်စန်းရီအတွက်ဆိုင်ကယ်တစ်စီးဝယ်လာခဲ့ရာ မြင့်စန်းရီဆိုင်ကယ်အစီးသင်နေကြောင်း စောကြည်ဖြူကြားသိခဲ့ရသည်။ ထို့ကြောင့်ပင် မြင့်စန်းရီဆိုင်ကယ်စီး သင်သည့်လမ်းတွင် စောင့်ပြီး တွေ့ဆုံရန်  စောကြည်ဖြူတွေးခဲ့မိပါ၏။
တကယ်တန်းတွေ့ကြပြန်တော့ အားလုံးအလွဲလွဲ အချော်ချော်ဖြစ်ကာ စောကြည်ဖြူလက်လျှော့ခဲ့ရပြန် သည်။ တင်မောင်လွင်နှင့် ဦးအောင်မော်တို့မှာကား မြင့်စန်းရီကို အပြိုင်အဆိုင်ပိုးရင်း ထိပ်တိုက်ဆုံတွေ့ခဲ့ကြ သည်။ သူငယ်ချင်းများက အခြေအနေမဟန်၍ လက်လျှော့လိုက်ရန် ကိုယ်ချစ်မရှာဘဲ သူချစ်ရှာကာ ကြာဖြူကိုသာ ယူလိုက်ရန် တိုက်တွန်းခဲ့ကြပြန်သည်။ မောင်စံကပါထောက်ခဲ့သည့် ကြာဖြူကလည်းစောကြည်ဖြူကို မျက်စိ အောက်ကပင် အပျောက်မခံဖြစ်နေ၍ စောကြည်ဖြူ အကြီးအကျယ်စိတ်ညစ်နေရပါတော့သည်။။
ကံဆိုးချင်တော့ စောကြည်ဖြူရွာရောက်နေကြောင်း ဦးမိုးမြင့် သိသွားခဲ့သည်။ ဦးမိုးမြင့်မှာ မြင့်စန်းရီ အတွက်စိတ်မအေးနိုင်ဖြစ်သွားပြီး ဦးအောင်မော်နှင့် အမြန်ဆုံးလက်ထပ်ပေးမည်ဟု ဆိုခဲ့ပါ၏။ ရွာရှိဆွေမျိုးများ ကမူ ခေါင်းဖြူပြီး အောင်မော်နှင့်လုံးဝ သဘောမတူ တင်မောင်လွင်နှင့်သာ ပေးစားမည်ဟု ဆိုခဲ့ကြ၏။ လူကြီး များတစ်ဖက်နှင့်တစ်ဖက် စကားနိုင်လုနေကြသလို တင်မောင်လွင်နှင့် ဦးအောင်မော်တို့ကလည်း အနိုင်မခံ အ ရှုံးမပေးဘဲ အပြိုင်အစွမ်းပြနေခဲ့ကြပါ၏။ မြင့်စန်းရီကမူ စောကြည်ဖြူ အပေါ်သံယောဇဉ်မပြတ်နိုင်သေး၍ စောကြည်ဖြူနှင့်တရားဝင်  လက်မှတ်ထိုးလက်ထပ်ထားပြီး ဖြစ်ကြောင်းကြေငြာလိုက်ပါ၏။
ဦးမိုးမြင့်က ခေါ်သည်ဆို၍စောကြည်ဖြူ ၀မ်းသားအားရရောက်သွားခဲ့သည်။ ဦးမိုးမြင့်က ကွာရှင်းစာချုပ် လက်မှတ်ထိုးခိုင်းခဲ့ရာ စောကြည်ဖြူ ကြေကွဲသွားရပါတော့သည်။ သို့သော် မြင့်စန်းရီထံမှ ခိုးရာလိုက်ခဲ့မည်ဟု စာရောက်လာခဲ့ရာ စောကြည်ဖြူ ၀မ်းသာသွားရပြန်ပါ၏။ မြင့်စန်းရီကို ခိုးပြေးရန်အစီအစဉ်ဆွဲတော့သည်။ ဒီတစ်ခါ လုံးဝ အလွဲအမှားမခံနိုင်၍ သတိဝိရိယ ထားကာ စီစဉ်ခဲ့ပါ၏။
သို့်သော် တကယ်တန်းခိုးပြေးသည့်အခါ မြင့်စန်းရီပါမလာဘဲ ကြာဖြူဖြစ်နေ၍ စောကြည်ဖြူဒေသ ထွက်ခဲ့ရပါသည်။ မြင့်စန်းရီမှာမူကား ချိန်းထားသည့်နေရာတွင် စောင့်နေရာမှအချိန်လွန်သည့် တိုင်ပေါ်မလာ၍ ဒေါသထွက်ခဲ့ရသည်။ လူကြီးများရောက်လာပြီး ပြန်ခေါ်သွားခဲ့သည်။ စောကြည်ဖြူ ကြာဖြူကို ခိုးပြေးသွား ကြောင်း တင်မောင်လွင်နှင့်ဦးအောင်မော်တို့က ၀ိုင်းပြောကြရာ မြင့်စန်းရီ စောကြည်ဖြူကို နာကျည်းသွားပါတော့ ၏။

ထိုအချိန်တွင် ကြာဖြူလက်မှ လွတ်ရန်စောကြည်ဖြူထွက်ပြေးရာ ကြာဖြူကနောက်မှ အတင်းလိုက်ရင်း တံတားပေါ်မှ ခြေချော်ကာရေထဲသို့ကျသွားခဲ့သည်။ ကယ်သူမဲ့နေသော ကြာဖြူကိုကြည့်ပြီး သနားသွားကာ စောကြည်ဖြူ ရေထဲခုန်ချပြီး ကြာဖြူကိုကယ်တင်ရန် ကြိုးစားခဲ့သည်။ သို့သော် စောကြည်ဖြူမှာ ရေမကူးတတ် သည့်အတွက် ကြာဖြူကပင် စောကြည်ဖြူကို ပြန်ကယ်ခဲ့ရပါ၏။ ကြာဖြူမှာ စောကြည်ဖြူကို ကယ်တင်ရန် ကြိုးစားရင်း ရေမွန်းကာ ရေစီးနှင့်မျောပါသွားပြီး ရေအောက်သို့နစ်မြုပ်သွားပါတော့၏။
ကြာဖြူ၏အလောင်းကိုတွေ့ပြီး ပြန်သယ်လာသည့်အခါ စောကြည်ဖြူစိတ်ထိခိုက်ကြေကွဲစွာ ခံစားလိုက် ရပါ၏။ မိမအသက်ကိုကယ်ရင်း အသက်စွန့်သွားသောကြာဖြူ အတွက်ဖြေမဆည်နိုင်ခဲ့သလို မိမိကိုစွန့်ပစ်သွား သော မြင့်စန်းရီကို ရင်ကွဲနာကျခဲ့ရသည်။ ဆရာတော်ကြီးက တရားချကာ နှစ်သိမ့်ခဲ့သည်။ စောကြည်ဖြူက လည်း ကြာဖြူအတွက် ရည်စူးပြီး ရဟန်းခံမည်ဟု ဆုံးဖြတ်လိုက်ပါ၏။
မောင်စံက စောကြည်ဖြူကို ဆံချပေးနေစဉ်မှာပင် သူငယ်ချင်းများရောက်လာခဲ့သည်။ မြင့်စန်းရီ၏ အဖွား ဒေါ်မြမြ၀င်း ဘုရားဖူးမှပြန်ရောက်လာပြီး စောကြည်ဖြူတို့ကိစ္စအကြောင်းစုံ သိသွားကာတစ်ချက်လွှတ် အမိန့်နှင့် သူကိုယ်တိုင်  စောကြည်ဖြူနှင့် မြင့်စန်းရီကို လက်ထပ်ပေးမည်ဟု ပြောကြောင်းအမြန်ဆုံးလိုက်လာ ခဲ့ရန် မှာလိုက်ကြောင်း ၀မ်းသာအားရပြောပြခဲ့ကြသည်။
စောကြည်ဖြူမှာ  ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ခေါင်းတုံးတစ်ဝက်တစ်ပျက်နှင့် ၀မ်းသာအားရ ပြေးထွက်သွားစဉ်……
(ပြီး၏)

LEAVE A REPLY

ဝေဖန်အကြံပြု ပေးပို့စာများတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် ပုဂ္ဂိုလ်ရေးကို ထိခိုက်စေနိုင်သော စာသားများ၊ နှင့်သတင်းအချက်အလက်များအား ပေးပို့ပါက Comments တွင် ဖေါ်ပြပေးမည် မဟုတ်ပါ။

Security code
Refresh