Competition Award အများနှင့်မသက်ဆိုင်သောသူ

အများနှင့်မသက်ဆိုင်သောသူ

demo image

သရုပ်ဆောင် - ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊
ထုတ်လုပ်ရေး - မျက်ခြယ်
ဇာတ်လမ်း - ၅၂၈ မေတ္တာဘွဲ့ ဇာတ်လမ်းအမျိုးအစား

. ချစ်ဦးနဲ့ ချစ်မှုး မိဘမဲ့ ညီအစ်ကိုနှစ်ယောက်မှာ အစ်ကိုချစ်မှုးက အဝေးပြေး ကုန်တင်ကားမောင်းသူ။ ချစ်ဦးကတော့ ဥာဏ်ရည်မပါသူ။ ငယ်စဉ်တည်းက ချွတ်ယွင်းခဲ့တဲ့ ညီလေးချစ်ဦးကို အစ်ကိုဖြစ်သူက အလို လိုက်လှတယ်။ ရပ်ကွက်ကလည်း ခင်စရာကောင်းတဲ့ ချစ်ဦးကို သဘောကျကြတယ်။ ဒီညီအစ်ကို နှစ်ယောက်ရဲ့ ဘ၀ထဲကို မြလွင်ဆိုတဲ့ မိန်းကလေးတစ်ဦးက အမှတ်မထင်ဝင်ရောက်လာတဲ့အခါ ...

.                                                                                        အခန်း(၁)

.          မြလွင်က.. ကားသမားတွေကြားထင်ရှားတဲ့ စံပယ်ပန်းလေးတစ်ပွင့်ပါ။ ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ မြလွင်ကို ချစ်မှုး စိတ်ဝင်စားပေမယ့် ဖွင့်မပြောရဲ။ သူငယ်ချင်းများက မြှောက်ပေး၊ နောက်ပေး၍သာ နှစ်ဦးသား ချစ်ကြည်ဖြူခဲ့ကြတယ်။ ဒီအချိန်မှာ ချစ်မှုး အိမ်ထောင်ထူထောင်ဖို့ အချိန်ရောက်တော့ မြလွင်ကို မိခင်ဒေါ်ငွေဇင်ထံမှ သမီးကို တောင်းယူရပြီ။ ဒေါ်ငွေဇင်ကား.. မုဆိုးမ ဖြစ်ပြီး ငွေကြေးကို မြတ်နိုးသူ၊ အကွက်မြင်တတ်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း တက်လမ်းရှိတဲ့ ချစ်မှုးနဲ့ သမီးကို သဘောတူခဲ့တယ်။ ဒီလိုနဲ့ပဲ... ချစ်မှုးတို့အိမ်မှာ.. မြလွင်နဲ့အတူ ဒေါ်ငွေဇင်ပါ အိမ်သားတိုးလာခဲ့တယ်။ စိတ်တိုင်းကျ ခြယ်လှယ်ချင်တဲ့ ဒေါ်ငွေဇင်အတွက် အထာမကျသူကတော့... ရှင်းရှင်းကွင်းကွင်းသမား ပြားတစ်ဝက် ချစ်ဦးပဲပေါ့။
.          မင်္ဂလာဆောင်ပြီးတော့လည်း တူ၊ တူမလေးများအမြန်လိုချင်တဲ့ ချစ်ဦးကြောင့် မြလွင်တို့ မောင်နှံမှာ မျက်နှာပူခဲ့ရသေးတယ်။ ချစ်ဦးကိုယ်တိုင် ဘုမသိဘမသိနဲ့ ကလေးရတဲ့နည်းတွေရှာလာခဲ့လို့ပေါ့။ မကြာခင် မှာပဲ... မြလွင် ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ အလုပ်များတဲ့ အစ်ကိုအစား ချစ်ဦးကပဲ.. မြလွင်ကို ဂရိုစိုက်လွန်းလို့ ဒေါ်ငွေဇင်ပြောရသည်အထိ။
.          ကံမကောင်းတဲ့တစ်နေ့မှာတော့...မြလွင်ဆီကို သတင်းဆိုးတစ်ခုရောက်လာခဲ့တယ်။ အဲဒါကတော့ ချစ်မှုးဆုံးပြီတဲ့။ ကားမှောက်တာတဲ့။
.          အိမ်ထောင်ဦးစီးမဲ့သွားတဲ့ အိမ်ထောင်စုတစ်ခုမှာ ဒေါ်ငွေဇင်က ချွေတာရေး အစီအစဉ်ချမှတ်ပြီး မီးဖွားဖို့ ပိုက်ဆံစုခဲ့ကြရတယ်။ ချစ်ဦးခမှာ မမြင်ရသေးတဲ့ တူ၊ တူမလေးအတွက် လိုအပ်တာလေးတွေ ရှာဖွေစုဆောင်းရပြီ။
.          မြလွင်မီးဖွားတော့.... သမီးမိန်းကလေးမွေးတယ်။ ချစ်ဦးပျော်ပြီး သဲသဲချစ်လို့ တူမလေးကို အမည်ပေးရင်း တူမလေးအတွက် လိုအပ်တာတွေဝယ်ဖို့.. ရေထမ်း၊ မြေပေါက်အလုပ်မျိုးစုံလုပ်လာခဲ့တယ်။ တူမလေး ကလည်း တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဆိုသလို ချစ်ဦးမှ ချစ်ဦး။ အရပ်က ကဲ့ရဲ့မှာကို စိုးတဲ့ ဒေါ်ငွေဇင်က ချစ်ဦးကို ခြံထဲမှာ တဲထိုးနေစေတယ်။ တူမကို ချစ်တဲ့ ချစ်ဦးကလည်း လိုလိုလားလား တဲမှာနေတယ်။ ဒီ ကြားထဲမှာ ရပ်ကွက်ထဲမှာ မြလွင်နဲ့ ချစ်ဦးကို ပြောဆိုသံတွေကြားရတော့.... မြလွင်.. စိတ်ပင်ပန်းလာရတယ်။
.          ဒါ့ကြောင့် ချစ်ဦးကို သွေးတိုးစမ်းမေးကြည့်တော့ ချစ်ဦးပြောပုံကြောင့် ဂရုဏာသက်ခဲ့ရတယ်။ ချစ်ဦးက မြလွင်ကို မိခင်လို၊ အစ်မလို သဘောထားပါကြောင်းသာ။
.          မုဆိုးမလေး မြလွင်၏အလှကတည်း တစ်သားမွေးတစ်သွေးလှဆိုတဲ့အတိုင်း မခေလှ။ ပျားပိတုန်းများစွာကြားမှ လူပျိုကြီး ဦးဝင်းမောင်ကို သမီးနှင့် သဘောတူရန် ဒေါ်ငွေဇင်စိတ်ဝင်စားပါတယ်။ ဦးဝင်းမောင် ကူညီ၍ အိမ်ဆိုင်လေး တစ်ဆိုင်ဖွင့်နိုင်လာခဲ့တယ်။ ကျေးဇူးရှင် ဦးဝင်းမောင်က မြလွင်တို့အိမ်ထဲသို့ အ၀င်အထွက် စိပ်ရင်း မင်္ဂလာစကားခင်းလာခဲ့ပါတယ်။ သို့သော် မြလွင်ကို မဟုတ်။ ဒေါ်ငွေဇင်ကိုသာ။ ဒေါ်ငွေဇင်.. ပေါက်ပေါက်ဖြင့် ဦးဝင်းမောင်ကို အိတ်ပေါ်မှ နှင်ချလိုက်ပါတော့တယ်။
.          ဒီလိုမျိုး ဂယက်တွေကြားထဲက တူမလေးကို ချမ်းသာချင်တဲ့ ချစ်ဦးက တူမလေးအတွက် ထီထိုးခဲ့တယ်။ အဲဒီ ထီလက်မှတ်ကို သိန်းဦးဆိုတဲ့လူက သူ့ ထီလက်မှတ်နဲ့ လာလဲခဲ့ပါတယ်။ အကြောင်းကတော့ ချစ်ဦး လက်ထဲက ဂဏာန်းကြိုက်လို့တဲ့။ ဒါပေမယ့် သိန်းဦးလဲလိုက်တဲ့ ချစ်ဦးလက်ထဲက ထီက ပေါက်လာခဲ့တယ်။ သိန်းဦး ဆွေးရပြီ။ တွေးတွေးနဲ့ ချစ်ဦးလက်ထဲက ထီကို အလိုက်ပေးပြီး ထပ်လဲတယ်။ ချစ်ဦးကလည်းလဲပေးတယ်။ ကံကဆိုးတော့ ထပ်မှားတာပဲ။ သိန်းဦးလက်ထဲရောက်မှ သူတကယ်ပေါက်တဲ့ နံပါတ်ဟာ.. ချစ်ဦးနဲ့ တဖန်လဲလိုက်တဲ့ နံပါတ်ဖြစ်ရပြန်ပြီ။ ဒီတစ်ခါတော့ သိန်းဦးမောပြီ။ လောဘကြောင့် ချစ်ဦးတဲထဲခိုးဝင်ရင်း ထီလက်မှတ်ကို ရှာ...။ အမှောင်ထဲမှာ ချစ်ဦးကို တွေ့လို့တုတ်နဲ့ရိုက်ပြီး ၀ရုန်းသုန်းကားဖြစ်ရင်း တဲမီးလောင်ရာက ချစ်ဦးခမျှာ.. အသက်ဆုံးရှုံးခဲ့ရပြီ။ အားလုံးတွေ့ချိန်မှာ ချစ်ဦးအလောင်းက မီးသွေးတုံးမျှသာ ကျန်တော့တယ်။
.          မြလွင်နှင့် တူမလေးတို့ ကြေကွဲရပြီး ဦးဝင်းမောင်က မသင်္ကာ၍ စုံစမ်းတော့ သိန်းဦးလက်ချက်ကို ဖော်ထုတ်လာနိုင်ခဲ့တယ်။

.                                                                                        အပိုင်း (၂)

.          ချစ်ဦးအသုဘက ချစ်သူခင်သူများနဲ့ စည်ကားလှပါတယ်။ ဒေါ်ငွေခင်တစ်ယောက်ထီ လက်မှတ်ကို ကြိတ်ရှာနေတာ။ အဲဒီအချိန်မှာ ချစ်ဦးက ပေါက်ချလာတယ်။ သူက နယ်ရောက်နေတာတဲ့။ မီးလောင်သွားသူက သူခိုးတစ်ယောက်မပဲ။ ဒီတော့ ထီလက်မှတ်ဘယ်မှာလဲမေးကြတော့ ချစ်ဦးက ခေါင်းအုံးထဲမှာလို့ ပြောတယ်။ ခေါင်းဦးက မီးလောင်သွားပြီလို ပြောကြတုန်းရှိသေး သဲသဲလေးက ခေါင်းအုံးခွပြီး ထွက်လာပါရော။ သူဌေးလေး ချစ်ဦးက တူမလေးအတွက် ကားတစ်စီးနဲ့ ပိုငွေများကို မမြလွင်တို့ကို အပ်လိုက်ပါတယ်။ မြလွင်တစ်ယောက် ကားပေါ်တွင် ပျော်ရွှင်နေကြတဲ့ ချစ်ဦးနဲ့ သဲသဲ တူဝရီနှစ်ယောက်ကို ကြည့်ရင်း .... မျက်ရည်တွေဝေ့လို့... ကြည်နူး မျက်ရည်တွေပါ။.......

LEAVE A REPLY

ဝေဖန်အကြံပြု ပေးပို့စာများတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် ပုဂ္ဂိုလ်ရေးကို ထိခိုက်စေနိုင်သော စာသားများ၊ နှင့်သတင်းအချက်အလက်များအား ပေးပို့ပါက Comments တွင် ဖေါ်ပြပေးမည် မဟုတ်ပါ။

Security code
Refresh