Competition Award မြင်းမိုရ်ထက်က သရဖူ

မြင်းမိုရ်ထက်က သရဖူ

demo image

သရုပ်ဆောင် - နေတိုး၊ ထွန်းထွန်း၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကယ်ဒမီငြိမ်းမင်း

ဒုဋ္ဌ၀တီမြစ်နဘေး၊ ‘သေခဲလှ’ ရွာကလေး။ ရွာသားများမှာ တချိ့က လယ်စိုက်၊ တချို့က ခြံစိုက်။ ထူးထူးခြားခြား ရွာသားနှစ်ဦးရှိသည်။ ဖိုးကွန်းနှင့် ဖိုးလွန်းဟူသော ညီအစ်ကို နှစ်ယောက်ဖြစ်သည်။ ဖိုးလွန်းက ဆင်ရုပ်ချိုး အလွန်ကောင်းသည်။ ဖိုးကွန်းက ရုပ်သေးကြိုးဆွဲအလွန်ကောင်းသည်။ သီတင်းကျွတ် ကျောက်ဆည် ဆင်ပွဲမတိုင်မီထဲက ကျောက်ဆည်တက်ပြီး ဖိုးလွန်းဆင်ရုပ်ချိုးရသည်။ နံမည်ကောင်းရ၊ လက်ရာကောင်းလှသည်။ တစ်လနှစ်လကြာမှ အိပ်ပြန်ရောက်တော့သည်။ ဖိုးလွန်း၏ ဇနီးသည်မှာ မြင်းစိုင်းရွာသူ မခင်မေဖြစ်သည်။ ဖိုးလွန်းရှာရသမျှ ပိုက်ဆံများကို တ၀က်မှာ အရက်သောက်သဖြင့် ကျန်ခဲ့ပြီး တ၀က်ကိုသာ ခင်မေရသည်။ ခင်မေကတော့ မိန်းမဖြစ်သော်လည်း လယ်ကို ဦးဆောင်စိုက်သည်။ ရွာဝန်းကျင်က ဘယ်ကိုမှ မသွားတက်၊ မသွားချင်သူ ဖြစ်သည်။

.           မခင်မေ၏ ညီမဖြစ်သူ မမေခင်မှာ ထူးခြားသည့် အဆိုအက၀ါသနာပါသဖြင့် မန္တလေးသဘင်နှင့် အဆက်အစပ်ရှိသော ကိုဖိုးထွန်းက မေခင်ကို အဆက်အသွယ်ပြုပေးသည်။ ကံကောင်းချင်တော့ ငယ်ဂုဏ်ရုပ်ရည်နှင့် ပါရမီရှိသော မေခင်မှာ မေသရဖူအငြိမ့် ခေါင်းဆောင်မင်းသမီး ဖြစ်သွားခဲ့သည်။ အဆိုအကပညာများကို ဦးဖိုးလွန်းက လမ်းညွှန်ပေး ခဲ့သည်။ မေသရဖူမှာ အငြိမ့်ထောင်ဆရာနှင့် ငြိစွန်းပြီး ကိုယ်ဝန်ရှိခဲ့သည်။ အငြိမ့်ထောင်ဆရာမှာ ဆိုက်ကယ် မှောက်ပြီး ဆုံးသွားသဖြင့် မေသရဖူက ကလေးမွေးခဲ့သည်။ ထိုကလေးကို ဦးဖိုးထွန်းက ကျောက်ဆည်သို့ ယူခဲ့ သည်။ ဆင်ပွဲကာလနှင့် တိုးနေရာ သူ၏ညီ၊ ဖိုးလွန်းကို ကလေးမွေးစားရန် ပြောဆိုသည်။ ကလေးမွေးစားပါက ငွေ ၃ သောင်းပေးမည်ဟုဆိုမှ အရက်မူးသော ဖိုးလွန်းက သောက်စားရန် ကလေးကို ယူထားလိုက်သည်။ ဆင်ပွဲတွင် နိုင်ရုံသာမက လောင်းကစားပါနိုင်သဖြင့် လာဘ်ကောင်းသည့်ကလေးကို ဒိုးကလေး ဟု မှည့်ကာ ရွာခေါ်သွားလေသည်။ ရွာရောက်သောအခါ သူ၏ဇနီး မခင်မေမှာလည်းကလေးတစ်ယောက် မွေးထားနှင့်လေ ပြီ။ ကလေး၏အမည်ကို မခင်မေက ပျိုးကလေးဟု မှည့်ထားလေသည်။
.           ဒိုးကလေးမှာ ကိုယ်ပိုင်ခြေထောက်ထက်ပင် အားကိုးရသေးသည်။ ဦးဖိုးလွန်းရော မခင်မေပါ ဒိုးကလေးကို အလွန်ချစ်သဖြင့် သားအရင်းဟုသာ အများကို သိစေသည်။ မွေးစားသားဟု သူတို့ကိုယ်တိုင်က မသတ်မှတ်။ သူများက ပြောသည်ကိုလည်း မကြိုက်၊ ထိုကြောင့် ပျိုး ကို မွေးခဲ့သော သေခဲလှတွင် မနေဘဲ မြင်းစိုင်းတွင် အနေများသည်။ မြင်စိုင်းမှာတော့ ဒိုးနှင့်ပျိုးသည် အလွန်ချစ်သော ညီအစ်ကိုဖြစ်သည်။
.           မေသရဖူမှာ တသားမွေး တသွေးလှခဲ့ပြီ အငြိမ့်လောကတွင် ပြန်လည်အောင်မြင်လာခဲ့သည်။ သူမွေးခဲ့သောကလေးကို သူကိုယ်တိုင်ပင် သတိတရမရှိလှချေ။ အနုပညာစန်းကို မက်မောသူပီပီ ကလေးအမေ ဟူသော ဘ၀ကို ဖုံးကွယ်ထားခဲ့သည်။ ကံဇာတာတက်ချင်တော့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပန်းပန်လို့နန်းဆန်သည့် ရုပ်ရှင်ဇာတ်ကားတွင် မေသရဖူကို အငြိမ့်မင်းသမီးနေရာက သရုပ်ဆောင်ခိုင်းခဲ့ရာ… မမျှော်လင့်ဘဲ အကယ်ဒမီရသည်အထိ အောင်မြင်မှုရသွားခဲ့သည်။ မေသရဖူက ဘ၀ပြောင်းလေလေ သူ့ဘ၀အမှန်ကို ဖုံးကွယ်ထားလေလေ ဖြစ်လာခဲ့သည်။
.           ဦးဖိုးလွန်း ကျောက်ဆည်သွားပြီး ဆင်ချိုးသောအခါ ဒိုးကလေးကို ခေါ်သွားခဲ့သည်။ ဒိုးကလေးမှာ ဆင်ချိုးသည့် ပညာကို ငယ်စဉ်ကထဲက သင်ကြားခွင့်ရခဲ့သည်။ ပျိုးကတော့ ဒေါ်ခင်မေ၏ ပြုစုယုယမှုဖြင့် မြင်စိုင်းမှာသာ နေခဲ့ရသည်။
.           ရုပ်ရှင်ဇာတ်ကား တကားတွင် မေသရဖူက အမေအဖြစ် သရုပ်ဆောင်ရာ အလွန်ညံ့သဖြင့် ဒါရိုက်တာ က အပြစ်တင်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ မေသရဖူသည် နောင်တအကြီးအကျယ်ရကာ စိတ်ပြောင်းသွားပြီး မိမိသားအရင်းကို ပြန်တောင်းကာ အများအပြင်တွင် မွေးစားသား ဟု သတင်းလွှင့်မည်ဟု စီစဉ်ခဲ့သည်။
.           ဦးဖိုးကွန်းက မြင်စိုင်းကို ပြန်ရောက်လာသည်။
.           မေသရဖူ၏ သားကို ပြန်လာခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
.           သူ့သားကို ပြုစုထားခြင်းအတါက် ငွေ ၁၀ သိန်းထည့်ပေးလိုက်သည်။ တိုက်ဆိုက်ချင်တော့ ဦးဖိုးလွန်းက လောင်းကစားပွဲတွင် အကြီးအကျယ် လောင်းကြေး ရှုံးလာခဲ့သည်။ လယ်ကွက်များ အသိမ်ခံရ တော့မည် ဖြစ်နေရာ မေသရဖူ၏ ငွေများသည် သူ့အတွက်ထွက်ပေါက်ဖြစ်သည်။ သို့သော် ဦးဖိုးလွန်းရော ဒေါ် ခင်မေပါ ဒိုးကလေးကို ပြန်ထည့်ဖို့ ခက်နေသည်။ အဆုံးတွင် မည်သူမှမသိအောင် နှစ်ယောက်တိုင်ပင် ဆုံးဖြတ် ခဲ့သည်။ ဒိုးကလေးအစား ပျိုးကလေးကို မေသရဖူ၏ သားအဖြစ် ပြန်ထည့်ပေးလိုက်သည်။ ကျန်းမာရေး မကောင်းသော ပျိုးကို မေသရဖူလက်ထဲထည့်လျှင် ငွေကြေးအကုန်အကျခံကာ ဆေးကုမှာမို့ အဆင်ပြေသွားနိုင် သည် ဟူသော ရည်ရွယ်ချက်လည်းပါသည်။ ကျောက်ဆည်မှ ကားနှင့် မေသရဖူလက်ထဲသို့ ပျိုး ကို ထည့်လိုက် သောနေ့က ဒိုးကလေး အပြေးလိုက်သော်လည်း မမှီလိုက်တော့ချေ။ နှစ်များစွာ ကြာခဲ့ပြီ။
.           ဆင်ချိုးခြင်း၊ ဆင်ကခြင်းများကို ဒိုးကလေး အလွန်ကျွမ်းကျင်သည်။ ဦးဖိုးလွန်းက ကျန်းမာရေး မကောင်းသဖြင့် ဒိုးကလေးကို အားလုံးသင်ပေးထားသည်။ ဒိုးကလေးက ဆင်ထိန်းနေရာက ဦးဆောင်က ပြနိုင်သည့်အထိ တိုးတက်လာသည်။ ဒိုးကလေး ဦးဆောင်သော မိုးဇော် အဖွဲ့မှာ ပထမဆုများပင် ချိတ်လာခဲ့ သည်။ ဒိုးကလေးသည် ယောက်ျားပီသပြီး သူ့ကိုချစ်ခင်သော မြန်မာသိုင်းဆရာကြီးတစ်ဦးက သိုင်းပညာများ ကို သင်ပေးခဲ့သည်။ ပုဂံခေတ်ပျက်ပြီးနောက် မြန်မာပြည်ကို ကယ်တင်ခဲ့သော မြင်စိုင်းသားတို့အကြောင်း ဆရာကြီး က ပြောပြတတ်သည်။ ဒိုးကလေးက မြင်စိုင်းသားဖြစ်ရသည်ကို ဂုဏ်ယူရတတ်လေသည်။
.           မိခင် ဒေါ်ခင်မေမှာလည်း ဘ၀ပြောင်းလောက်သော ပြဿနာနှင့် ကြုံရသည်။ မိုးကြီးရွာနေစဉ် အိမ်က နွားတွေပျောက်သွားသဖြင့် ဒိုးကလေးနှင့် ဒေါ်ခင်မေတို့ မီးအိမ်ကလေးကိုင်ကာ နွားပျောက်ထွက်ရှာကြသည်။ ဒိုးကလေးက မိခင်ကို သစ်ပင်အောက်တွင်ထားခဲ့ပြီး နွားပျောက်ထွက်ရှာစဉ် သစ်ပင်ကို မိုးကြိုးပစ်သဖြင့် ဒေါ်ခင်မေမှာ စက်ကွင်းမလွတ်ဘဲ ဦးနှောက်ပျက်သွားခဲ့သည်။ ဒေါ်ခင်မေ၏ စိတ်ထဲတွင် စွဲနေသည်မှာ ပျိုးကလေးဖြစ်ပြီး ငါ့သားကလေးကို ပြန်ပေးပါ ဟူသော စကားတစ်ခုကိုသာ စိတ်ဖောက်လာတိုင်း ပြောနေ တော့သည်။ (ပျောက်သွားသော နွားမှာလည်း ပျိုးကလေး အလွန်ချစ်သော နွားနှင့်တူသည်၊ သားအလွမ်းပြေ… ထိုနွားလေးကို အလွန်ချစ်နေသည့်စိတ်လည်းပါသည်။) မိခင် ဒေါ်ခင်မေကို ကျောက်ဆည်ပို့ပြီး ဆေးကုသည်။ မန္တလေးတက်ပြီး ဆေးကုသည်။ ဆရာဝန်ကြီးများက ဒေါ်ခင်မေကို ဂရုစိုက်ကြသည်။ မိခင်အရင်းဟု ထင်နေ သော ဒိုးကလေးကတော့ မွေးကျေးဇူး၊ ကျွေးကျေးဇူးကို ဆပ်သောအားဖြင့် အစွမ်းကုန်ပြုစုသည်။ ရောဂါ မပျောက်ပျောက်အောင် ဆေးကုမည်ဟု ဆုံးဖြတ်ာထားသည်။ ဦးဖိုးလွန်က ယာမြေရောင်းကာ ဒေါ်ခင်မေကို ခေါ်ပြီး မန္တလေးရှိ ဦးဖိုးကွန်းထံ ဆေးလာကုသည်။ ဒေါ်ခင်မေက စိတ်ဖောက်လာသောအခါ သူ့သားကို ၀ှက် ထားသူကို တံဇဉ်နှင့် ထိုးမည်ဟု အန္တရာယ်ပြုသည်။ ဒိုးကလေးမှာ ဒဏ်ရာအရခံလျက် မိခင် ဒေါ်ခင်မေကို ထိန်းသိမ်းခဲ့သည်။ အဆုံး၌ အနစ်နာခဲ့သော ဒိုးကလေးကို ကြည့်ကာ ဦးဖိုးလွန်းက အဖြစ်မှန်ကို ဖွင့်ပြောမှ တရားမည်ဟု ယူဆလာခဲ့သည်။ အဖြစ်မှန်ကို ပြောရဲဖို့ အရက်ပြန်သောက်တယ်။ အဖြစ်မှန်ကို ပြောရဲဖို့ အရက်ပြန်သောက်သည်။ အဖြစ်မှန်ကို သေသည်အထိ ထုတ်မပြောဖြစ်ခဲ့ချေ။
.           အရွယ်ရောက်လာသော ပျိုးကလေးသည် ထွဋ်ခေါင်ဦး ဟူသော အမည်ဖြင့် လူသိထင်ရှား ဖြစ်နေလေ ပြီ။ ဒေါ်မေသရဖူ၏ ပျိုးထောင်မှုကြောင့် ဂီတပညာကို ကျွမ်းကျင်ကာ ဂီတကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။ ထွဋ် ခေါင်ဦး ဂီတဖြင့် အောင်မြင်ချိန်တွင် ဒေါ်မေသရဖူမှာ နှလုံးရောဂါသည်တစ်ဦး ဖြစ်လာသဖြင့် ရုပ်ရှင်ဇာတ်ကား များစွာကို မရိုက်ကူးနိုင်တော့ချေ။ အနားယူနေရသည်။ မေသရဖူ၏ မိတ်ကပ်ဆရာ မိန်းမလျာ ကလျာညွန့် သည် မေသရဖူ၏ တောင်းဆိုမှုကြောင့် မိချော ကို အိမ်ဖော်အဖြစ် ပို့ပေးခဲ့သည်။ မိချောမှ သွက်လက်ချက်ချာပြီး အလွန် အားကိုးရသောကြောင့် အိမ်ဖော်ဘ၀မှ အတွင်းရေးမှူးဘ၀သို့ အဆင့်တက်လာခဲ့သည်။ မိချောကို အားလုံးက ချောကလက် ဟု ချစ်စနိုး ခေါ်ကြလေသည်။
.           ထွဋ်ခေါင်ဦး၏ ဘ၀တိုးတက်ရေးအတွက် ဒေါ်မေသရဖူက အမြဲကြိုးစားလမ်းပြနေတတ်သည်။ အဆိုတော်ဘ၀မှ သရုပ်ဆောင်ဘ၀ တက်လှမ်းရန် စီစဉ်ကြသည်။ ပထမဦးစွာ ကြော်ငြာများ ရိုက်ကူး ကြသည်။ ကြော်ငြာရိုက်ကူးရင်း တိမ်လွှာဝင့်ဝါ ဆိုသော ရုပ်ရှင်မင်းသမီးနှင့် ငြိတိတိ ဖြစ်ကြသည်။ ချောကလက် ၏ ပါးနပ် မှုကြောင့် တိမ်လွှာဝင့်ဝါ၏ ထောင်ချောက်မှ ထွဋ်ခေါင်ဦး လွတ်မြောက်ခဲ့ရသည်။ ငါးရံ့နှစ်ကောင် ဖမ်းသော စရိုက်သော ဖော်ထုတ်ပြခြင်းဖြစ်သည်။
.           ဦးဖိုးလွန်းမှာ တိုင်းရင်းဆေးဆရာကြီးဖြစ်နေသည်။
.           စိတ်ထားကောင်းသော မခင်မေ၏ စိတ္တဇကို ကြည့်ကာ စိတ်မကောင်းဖြစ်သည်။ သူတတ်သော ပညာဖြင့် အစွမ်းကုန်ပေးသည်။ မန္တလေးမြို့တွင် ဒိုးကလေးသည် မိုးဇော် ဟူသော အမည်ဖြင့် စာမျက်နှာ အသစ်စခဲ့သည်။ သူ၏ တိုင်းဆရာကြီး၏ လမ်းညွှန်မှုဖြင့် သင်တန်းတစ်ခုတွင် သိုင်းလက်ထောက် ဆရာ လုပ်ရင်း အသက်မွေးသည်။ ဆင်ရုပ်ချိုးသည့် ပညာကိုတော့ အခါအားလျော်စွာ လုပ်ဖြစ်တော့သည်။ ခက်ခဲ ပင်ပန်းသော ဘ၀ဖြင့် မိခင်ကို ဆေးကုလိုသော မိုးဇော်သည် ကြိုးစားရုန်းကန်ခဲ့သည်။
.           ဦးဖိုးလွန်းသည် မေသရဖူကိုကြည့်ကာအနုပညာသမား၏ဘ၀ကို စိတ်ကုန်နေခဲ့ပြီ။ တိုင်းရင်းဆေးဆရာကြီး ဘ၀မှာ တရားဓမ္မဘက်သို့ကူးကာ မြို့ပေါ်ပင် မတက်တော့ဘဲ ရေတံခွန်တောင် တွင်သာ နေထိုင်ပြီး ဝေနယျတို့ကို ဆေးကုသပေးသည်။ မိမိဘ၀အမှန်ကို အမြဲကြောက်ရွံ့နေသော မေသရဖူ သည် ညီမကိုပင် အဆက်အသွယ်မလုပ်။ ဆရာ ဦးဖိုးလွန်းကိုလည်း အဆက်အသွယ်မလုပ်ဘဲ ကျော်ကြားမှု နောက်သို့သာ ကောက်ကောက်ပါအောင် လိုက်နေသည်။
.           သားဖြစ်သူ ထွဋ်ခေါင်ဦးကို မင်းသားတင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ရန် စီစဉ်သည်။ အများ ကြိုက် (မြို့ရောတောပါ) ဇာတ်ကားကြီးဖြစ်ရန် ဇာတ်ညွှန်းဆရာနှင့် တိုင်ပင်ရာ သိုင်းပညာအခြေခံတတ်ရန် လို ကြောင်း အဖြေထုတ်မိကြသည်။ သိုင်းနည်းပြဆရာ တစ်ယောက်ရှာဖွေရာမှ… ချောကလက်နှင့် စီစဉ်မှုဖြင့် မိုးဇော်ကို တွေ့ရှိခဲ့သည်။ (မိုးဇော်သည် ချောကလက်နှင့် ဆင်ပွဲတွင်ဆုံဖူးသည်။ အရက်မူးသမားရန်မှ ကယ်တင် ကာ ပိုက်ဆံအိတ်ပျောက်သော ချောကလက်ကို စရိတ်ထုတ်ပေးခဲ့သည်)
.           မိခင် ဒေါ်ခင်မေ၏ ခေါင်းတွင် ဓာတ်မှန်ရိုက်ကြည့်သောအခါ အကြိတ်တစ်ခုတွေ့ရသဖြင့် ရန်ကုန်သွား၍ ခွဲစိတ်ရန် ဆရာဝန်များက အကြံပြုကြသည်။ ထိုအချိန်တွင် ချောကလက်နှင့်တွေ့ကာ မိုးဇော်က ရန်ကုန်လိုက် ရန် သဘောတူခဲ့သည်။ မိခင်ဒေါ်ခင်မေကို အိမ်တွင်တိတ်တဆိတ် လျှို့ဝှက်ထားပြီး ရုပ်ရှင်လောကကို ၀င်ရောက် ရန် အရူးအမူးဖြစ်နေသော လူရွှင်တော်ကြာပွင့်၏ အကူအညီနှင့် ဘ၀ကို ကြိုးစားခဲ့ပြန်သည်။
.           မျှော်လင့်မထားဘဲ ထွဋ်ခေါင်ဦး၏ ပြိုင်ဘက်များ၏ အန္တရာယ်ကို ရင်ဆိုင်ရသည်။ ထို့ကြောင့် သိုင်းသင် ရန် ရောက်လာသော မိုးဇော်သည် သက်တော်စောင့်အလုပ်ကိုပါ ပူးတွဲလုပ်ကိုင်ရတော့သည်။ ဤနည်းဖြင့် ညီအစ်ကိုနှစ်ယောက် ပြန်လည်ဆုံစည်းနေကြတာကို မသိကြသေးချေ။ သို့သော် သွေးက စကားပြောသဖြင့် အချိန်တိုတို အတွင်းမှာပင် မိုးဇော်နှင့် ထွဋ်ခေါင်ဦးတို့ သံယောဇဉ်ဖြစ်သွားကြသည်။ ထွဋ်ခေါင်ဦးက ဂီတအကြောင်းများ ပြောပြရာ မိုးဇော်က ဆင်အကနှင့် မြင်းစိုင်းအကြောင်း ပြောပြ၊ ကာ ချင်းကို ထူးခြားသော ဂီတအဖြစ် ဖန်ဆင်းသင့်ကြောင်း တိုင်ပင်ကြလေသည်။
.           မိုးဇော်နှင့် ထွဋ်ခေါင်ဦးပေါင်းပြီး ညမအိပ်တမ်း သီချင်းရေးရာ ထွဋ်ခေါင်ဦး ကျန်းမာရေး ထိခိုက်များ၊ ဆေးရုံတင်ရသဖြင့် မိခင် ဒေါ်မေသရဖူက မိုးဇော်ကို အထင်လွဲအပြစ်တင်ခဲ့။ ဆေးရုံရောက်နေသော ထွဋ် ခေါင်ဦးမှာ ကျောက်ကပ်မကောင်းကြောင်း အဖြေရပြန်သည်။ ထွဋ်ခေါင်ဦး ပြန်လည်ကျန်းမာလာသည်။ချောကလက်က ဘ၀ချင်းတူသော မိုးဇော်ကို စိတ်ဝင်စားသည်။ မိုးဇော်ကတော့ အမေ့ကျန်းမား ရေးကိုပဲ စိတ်ဝင်စားသည်။ ထွဋ်ခေါင်ဦးက ချောကလက်ကို စိတ်ဝင်စားသွားသည်။ မိမိ၏ဘ၀ကို ဘာမျှော် လင့်ချက်မှမရှိဘဲ ပါရမီဖြည့်နေသော ချောကလက်ဘ၀ကို စာနမိခြင်းဖြစ်သည်။
.           အနုပညာသမားတစ်ယောက် အောင်မြင်ဖို့ ကန့်လန့်ကာ နောက်ကွယ်က လူတွေအများကြီး လိုကြောင်းကို နားလည်လာသည်။ ကန့်လန့်ကာနောက်မှာ မွေး… ကန့်လန့်ကာ နောက်မှာဘဲ သေသွားသော အနုပညာ ပါရမီဖြည့်ဖက်များအကြောင်း သူသတိထားမိသွားသည်။ ထွဋ်ခေါင်ဦးနှင့်မိုးဇော်တိုင်ပင်ကာ ဒေါ်မေသရဖူ၏ မွေးနေ့တွင် STAGE SHOW တစ်ခုအကြီးအကျယ်လုပ်ရန် စီစဉ်သည်။ ထို STAGE SHOW တွင် ရုပ်ရှင်စတင်ရိုက်ကူးရန် ရည်ရွယ်ထားသည်။
.           ထူးခြားသော ဆင်ကဖြင့် မြင်းစိုင်းသားသီချင်းကို တင်ဆက်ရန် မိုးဇော်က အကူအညီအားဖြင့် ပေးမည်။ ထွဋ်ခေါင်ဦးကလည်းတင်ဆက်နိုင်ရန် ကြိုးပမ်းသည်။ ထွဋ်ခေါင်ဦးကို ဒုတိယအကြိမ် ဆေးရုံတင်နေသည်။ ကျောက်ကပ်အစားမထိုးနိုင်လျှင် ကျန်းမာဖို့မလွယ်၊ သီချင်းဆိုရင် မဖြစ်နိုင်ဟု ဆရာဝန်က ပြောသည်။ ကျန်းမာသန်စွမ်းသော မိုးဇော်ကို ကျောက်ကပ်တစ်ခြမ်းရောင်းရန် ဒေါ်မေသရဖူက ပြောသည်။ အိမ်ပြန်ရောက်သောအခါ မိခင်ခေါင်းက အကြိတ်ခွဲစိတ်ဖို့အတွက် မည်မျှကုန်ကျမည့်အကြောင်း လူရွှင်တော် ကြာပွင့်ကပြောသည်။ သား ထွဋ်ခေါင်ဦးအတွက် ကျောက်ကပ်ရောင်းရန် ဒေါ်မေသရဖူက မိုးဇော်၏ အိမ်သို့လိုက်ပြောသည်။ လုံးဝမျှော်လင့်မထားဘဲ မခင်မေနှင့်ဆုံကာ ငါးသားလေးပြန်ပေး ဟု အတောင်းခံခဲ့ရသည်။ ဒေါ်မေသရဖူက တုန်လှုပ်စွာ အိမ်ပြန်ပြေးခဲ့ရသည်။
.           ထိုအချိန်တွင် ဆေးဆရာကြီး ဦးဖိုးလွန်းသည် ကျိုက်ထီးရိုး ဘုရားဖူးအပြန်တွင် မိုးဇော်ကို ၀င်တွေ့ သည်။ မေတ္တာတရားနှင့် ဆေးဝါးကောင်းများနှင့် ဒေါ်ခင်မေကို ကုသပေးရာ ဒေါ်ခင်မေမှာ ထူးခြားစွာ စိတ်တည် ငြိမ်လာသည်။ သားမိုးဇော် ဒုက္ခများကို တွေ့ရှိသွားပြီး သားအရင်းမဟုတ်ခဲ့သည်ကို သတိရကာ… ဦးဖိုးလွန်းကို ဖွင့်ဟ၀န်ခံလိုက်လေသည်။ ထိုသို့ ဖွင့်ဟ၀န်ခံသည်ကို အိပ်မပျော်သော မိုးဇော်က အားလုံးကြားသိလိုက်ရသည်။
.           မိခင်အရင်းဒေါ်မေသရဖူကို သွားရောက်တွေ့ဆုံကာ သူ့အနေနှင့် ကျောက်ကပ်လှူပါမည်။ သူ့မိခင်ဒ ရောဂါပျောက်အောင် ကုသရေးအတွက် ငွေချေးငှားရန် တောင်းပန်သည်။ ထိုငွေများကို ပြန်လည်ပေးဆပ်ပါ မည်ဟု ပြောရာ… ဒေါ်မေသရဖူက နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ ကျောက်ကပ်ရောင်းရန်သာ ထပ်မံ တောင်းဆိုလိုက်သည်။
.           အဆုံး၌ ဦးဖိုးလွန်းက မေသရဖူနှင့် တွေ့ဆုံပြီး သားအရင်းကိစ္စကို အမှန်အတိုင်း ဖွင့်ပြောခဲ့လေသည်။ ဒေါ်မေသရဖူက စိတ်အလွန်လှုပ်ရှားသွားပြီး သူ့သားအရင်း မိုးဇော်ကိုတွေ့ဖို့သွားရာ ကားမှောက်သည်။ ကားမှောက်ပြီး ဆုံးကာနီးတွင် သူ့ကျောက်ကပ်ကို ထွဋ်ခေါင်ဦးအား ပေးရန်မှာသည်။ သူ့သားသည် မိုးဇော်ဖြစ် ကြောင်း သူသိသွားပြီဟု ဆိုသည်။ သူ့ကိုခွင့်လွှတ်ဖို့နှင့် ထွဋ်ခေါင်ဦးကို ဆက်ပြီး အသိမပေးဘဲ ထားရန်မှာကာ ဆုံးသွားသည်။
.           WHEEL CHAIR နှင့် ထွဋ်ခေါင်ဦးက STAGE SHOW စင်မြင့်ပေါ်က ပရိသတ်များကို နှုတ်ဆက်သည်။ ထွဋ်ခေါင်ဦး ကိုယ်စား မိုးဇော်နှင့် ချောကလက်တို့က သီချင်းဆိုကာ ဆင်ကနှင့် ဖျော်ဖြေသည်။ ထိုအချိန်တွင် ဒေါ်ခင်မေ၏ ဦးခေါင်းက အကြိတ်ကို ခွဲစိတ်ခန်းမှာ ခွဲစိတ်နေသည်။
.           စင်မြင်ပေါ်တွင် ညီအစ်ကိုနှစ်ယောက် ဖျော်ဖြေနေသည်။
.           ဇာတ်ခုံနံဘေးတွင် ဒေါ်ခင်မေနှင့် ဒေါ်မေသရဖူနှစ်ယောက် လက်ခုပ်တီးနေသည်။
.           မိုးဇော်နှင့် ထွဋ်ခေါင်ဦးတို့ သီချင်းဆိုသည်ကို ပရိသတ်က အားရပါးရ အားပေးနေသည်။
.           အမှန်တကယ်မှာတော့ ထွဋ်ခေါင်ဦးက မျက်ရည်များနှင့် လက်ခုပ်တီးနေသည်။ ဒေါ်ခင်မေ၏ OPERATION ခန်းမတွင် ဆရာဝန်များက ဆက်လက်ကြိုးစားနသည်။ မိုးဇော်ကတော့ သီချင်းဆိုပွဲပြီးလျှင် အမေဘယ်လိုနေမည်လဲ ဆိုသည်ကို တွေးနေသည်။ .......

LEAVE A REPLY

ဝေဖန်အကြံပြု ပေးပို့စာများတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် ပုဂ္ဂိုလ်ရေးကို ထိခိုက်စေနိုင်သော စာသားများ၊ နှင့်သတင်းအချက်အလက်များအား ပေးပို့ပါက Comments တွင် ဖေါ်ပြပေးမည် မဟုတ်ပါ။

Security code
Refresh