Competition Award အကယ်ဒမီရှော့

အကယ်ဒမီရှော့

demo image

သရုပ်ဆောင် - ရဲအောင်၊ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ပုလဲဝင်း၊ ချောရတနာ
ဒါရိုက်တာ -  ညီညီထွန်းလွင်

ကျော်ဝဏ္ဏ (ဂျာနယ်တိုက်ပိုင်ရှင်-အယ်ဒီတာ)၊ သူရ (ဂျာနယ်လစ်-သတင်းထောက်) နှင့် ခန့်ပိုင် (ဓာတ်ပုံဆရာ-စတူဒီယိုပိုင်ရှင်) သူငယ်ချင်း သုံးယောက်ရှိသည့်အနက် သူရမှာ လူပျိုလူလွတ်ဖြစ်ပြီး ကျော်ဝဏ္ဏ အိမ်မှာပင် နေထိုင်သည်။ လူရိုးလူအေး မယားကြောက် ကျော်ဝဏ္ဏ၏ ဇနီး ပပမှာ အလွန်သ၀န်ကြောင်ကာ ကျော်ဝဏ္ဏအား အမျိုးမျိုး ချုပ်ချယ်တတ်ပြီး၊ မိန်းမ အလွန်ရှုပ်သော ခန့်ပိုင်၏ဇနီး ခင်သန္တာမှာမူ အလွန်သဘော ကောင်းသော ခန့်ပိုင်ကို လွန်စွာ အလိုလိုက်တတ်လေသည်။ များမကြာမီ သူရတွင်လည်း ယုဇနဆိုသော ချစ်သူတစ်ယောက် ရှိလာခဲ့လေသည်။

.           မိန်းမကြောက်တတ်သော ကျော်ဝဏ္ဏကို အားမလိုအားမရဖြစ်နေသည့် ခန့်ပိုင်က ဒေ၀ီဆိုသော အထက်တန်းလွှာ အရှုပ်ထုပ်တစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။ ခန့်ပိုင် မြှောက်ပေးသည်ကို အဟုတ်မှတ်၍ ကျော်ဝဏ္ဏလည်း မိန်းမရှုပ်ကြည့်လိုက်ဦးမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ဇနီးဖြစ်သူ ပပ အပြင်သွားခိုက် လုံးကြီးပေါက်လှ ဒေ၀ီကို အိမ်မှာ ခေါ်တွေ့စဉ် မမျှော်လင့်ဘဲ ပပပြန်ရောက်လာပြီး ပက်ပင်း မိသွားသည်။ ကျော်ဝဏ္ဏလည်း ကြံရာမရဖြစ်ကာ အိမ်တွင်လာနေသော သူရခေါင်းပေါ် လွှဲချပြီး သူရမိန်းမဟု လိမ်ပြောလိုက်သည်။
.          ထိုကဲ့သို့ အမှတ်မထင် ညာပြောလိုက်မိသော အသေးအဖွဲ့  ကိစ္စလေးမှာ သူရ၏ အုပ်ထိန်းသူ အစ်ကိုကြီးအဖြစ် မိန်းမသွားတောင်းပေးရသောအခါ ကြီးမားသော ပြဿနာ ဖြစ်လာတော့သည်။ အရှုပ်ထုပ် ဒေ၀ီကို သူရမိန်းမအဖြစ် ညာပြောထားမိသောကြောင့် သူရချစ်သူ ယုဇန မိဘများထံ သွားရောက်တောင်းရမ်း သောအခါ ဇနီးဖြစ်သူ ပပကို ခေါ်သွား၍ မရတော့ချေ။ ယုဇန၏ မိဘများက ယခုလို အရေးကြီသော စေ့စပ်ပွဲ မျိုးတွင် “ဇနီးမယားကို မခေါ်လာရကောင်းလား” ဟု အပြစ်တင်လိုက်သောအခါ ကျော်ဝဏ္ဏက “ကျွန်တော့်မိန်းမက စိတ်သိပ်မမှန်လို့ မခေါ်လာတာပါ” ဟု ညာပြောလိုက်ရပြန်သည်။ ထိုအချိန်မှာပင် ဒေ၀ီသည် လက်ဝတ်ရတနာအတုကို လိမ်လည်ရောင်းချသည်ဆိုပြီး သင်္ကာမကင်း အဖြစ်ခံရသောကြောင့် ဟိုတယ်မန်နေဂျာအား “ကျွန်မက မိကောင်းဖခင် သားသမီး ရောင်းမှားဝယ်မှားဖြစ်တာ…ကျွန်မယောက်ျားက လူကြီးလူကောင်း မယုံရင် လိုက်ပြမယ်” ဆိုပြီး ခန်းမဆောင်တစ်ခု၌ စေ့စပ်ပွဲလုပ်နေသော သူရကို သူမ၏ ယောက်ျားအဖြစ် လက်ညှိုးထိုးပြလိုက်သည်။ သူရခမျာ မိန်းမတောင်းနေစဉ် မယားကြီးလိုက်လာသော ပုံစံမျိုး ဖြစ်နေ၍ ခေါင်းနပမ်းကြီးသွားစဉ် ကျော်ဝဏ္ဏက သူရကို ကယ်တင်လိုက်သည့်အနေဖြင့် “ဒေ၀ီယောက်ျားက ကျွန်တော်ပါ” ဟု ညာပြောလိုက်ရပြီး ဒေ၀ီကို မိမိဇနီးအဖြစ် မိတ်ဆက်ပေးလိုက်ရပြန်သည်။ ယုဇနတို့ အသိုင်း အ၀ိုင်းက ဒေ၀ီကို ကျော်ဝဏ္ဏ၏ ရူးနေသော မိန်းမအဖြစ် ယုံကြည်လက်ခံထားလိုက်ကြသည်။
.          ပပနှင့် ပပတို့ အသိုင်းအ၀ိုင်းက သူရနှင့် ဒေ၀ီကို လင်မယားအဖြစ် အသိအမှတ်ပြုထားကြပြီး ယုဇနနှင့် ယုဇနတို့ အသိုင်းအ၀ိုင်းက ကျော်ဝဏ္ဏနှင့် ဒေ၀ီကို လင်မယားအဖြစ် အသိအမှတ်ပြုထားကြရာ မင်္ဂလာဆောင်တွင် လည်းကောင်း၊ ချောင်းသာသို့ ဟန်းနီးမွန်းထွက်ရာတွင်လည်းကောင်း ကျော်ဝဏ္ဏသည် ဇနီးဖြစ်သူ ပပအလစ်တွင် ဒေ၀ီနှင့် လင်မယားပုံစံ ဟန်ဆောင်ပြရသလို သူရမှာလည်း ဇနီးဖြစ်သူ ယုဇနအလစ်တွင် ဒေ၀ီနှင့် လင်မယားပုံစံ ဟန်ဆောင်ပြရလေသည်။
.          စင်စစ်…ထိုကဲ့သို့ ဉာဏ်နီဉာဏ်နက် အမျိုးမျိုးနှင့် လှည့်ပတ်လိမ်ညာနေရသော ဘ၀သို့ရောက်အောင် မြှောက်ပင့်ပေးခဲ့သော တရားခံမှာ ခန့်ပိုင်ဖြစ်၏။ ခန့်ပိုင်ကတော့ အိမ်က မိန်းမ ခင်သန္တာကို လှည့်ပတ်ပြီး မော်ဒယ်တစ်သိုက်နှင့်အတူ မန္တလေးသို့ ဓာတ်ပုံရိုက် ထွက်သွားလေသည်။
.          နောက်ဆုံးတွင် ဒေ၀ီ အရှုပ်တော်ပုံကိစ္စ ဗူးပေါ်သလို ပေါ်သွားသောကြောင့် ကျော်ဝဏ္ဏနှင့် သူရတို့ လင်မယားချင်း ကွာရှင်းပြတ်စဲရတော့မလိုဖြစ်ရာ … မန္တလေးရောက် ဆရာကြီး ခန့်ပိုင်ကို လှမ်းပြီး အကူအညီ တောင်းရတော့သည်။
.           မိန်းမကို လှည့်ပတ်လိမ်ညာသည့်နေရာတွင် အထူးကျွမ်းကျင်သော ခန့်ပိုင်က ကျော်ဝဏ္ဏနှင့် သူရတို့ စုံတွဲနှစ်တွဲကို ခေါ်တွေ့ပြီး … ဒေ၀ီဆိုသော မိန်းကလေးမှာ ကျော်ဝဏ္ဏနှင့် သူရ ဘာမှမဆိုင်ဘဲ၊ မိမိတိတ်တိတ် ပုန်းယူထားသော မိန်းမဖြစ်ကြောင်း ခင်သန္တာမှာ မိဘပေးစား၍ လက်ထပ်ခဲ့ရသော မိန်းမဖြစ်ပြီး ဒေ၀ီမှာ ငယ် ရည်းစားဘ၀နှင့် လက်ထပ်ခဲ့သော မိန်းမဖြစ်ကြောင်း လိမ်ညာပြောပြလိုက်ရာ ပပနှင့် ယုဇနတို့လည်း လင်ယောက်ျားတွေအပေါ် ခွင့်လွှတ်လိုက်ကြတော့သည်။ သို့သော် … ထိုကဲ့သို့ လုပ်ကြံရှင်းပြနေသည်ကို ဇနီးဖြစ်သူ ခင်သန္တာ ကြားသွားသောကြောင့် ခန့်ပိုင်လည်း ချက်ချင်း စကားပြင်ပြီး သူငယ်ချင်းနှစ်ယောက် ဒုက္ခ ရောက်နေ၍ လုပ်ကြံလိမ်ညာပြီး ပြောပြနေတာဖြစ်ကြောင်း အရှုပ်ထုပ်ကို ဖြေပြလိုက်သည်။ ကျော်ဝဏ္ဏနှင့် သူရ တို့လည်း ဒေါကန်ပြီး ခန့်ပိုင် မိန်းမပွေသည့်အကြောင်း၊ မိန်းမရှုပ်ရန် မြှောက်ပေးပြီး ဒေ၀ီကို ခေါ်ပေးသူမှာ ခန့်ပိုင်ဖြစ်ကြောင်း အဖြစ်မှန်အတိုင်း အားလုံး ဖွင့်ပြောလိုက်ရာ မိန်းမသုံးယောက် စိတ်ဆိုးပြီး ထွက်သွားကြ တော့သည်။
.          သုံးရက်အကြာတွင် မိန်းမသုံးယောက်စလုံး… မြန်မာလူမျိုးတို့မှာ အစဉ်အလာအားဖြင့် တစ်လင်တစ် မယားစနစ်ကိုသာ လက်ခံကျင့်သုံးကြသောကြောင့် ကွာရှင်းပြတ်စဲရန် မဖြစ်နိုင်ကြောင်း သဘောပေါက်ကာ ကျော်ဝဏ္ဏနှင့် သူရကို အကူအညီတောင်းပြီး ခန့်ပိုင်ရှိရာ ဂျာနယ်တိုက်သို့ လိုက်လာကြသည်။ ခန့်ပိုင်ကလည်း တယ်လီဗီးရှင်းဖွင့်ပြီး ဘောလုံးပွဲ ကြည့်ရာ လိုင်းမကောင်းသဖြင့် တိုက်ခေါင်မိုးပေါ်တက်ပြီး ဂြိုဟ်တု စလောင်း တက်ပြင်သည်။ ကျော်ဝဏ္ဏတို့အုပ်စု ကားဖြင့် ရောက်လာသောအခါ တိုက်ခေါင်မိုးပေါ် ရောက်နေသော ခန့်ပိုင် ကို မိမိကိုယ် မိမိ သတ်သေမည်ထင်ပြီး စိုးရိမ်သွားကြသည်။ အထိတ်တလန့် အော်ဟစ်ပြီး ခေါင်မိုးပေါ် ပြေးတက်လာကြစဉ် ခန့်ပိုင်က ခင်သန္တာ ခွင့်မလွှတ်၍ သတ်သေတော့မည်ပုံစံမျိုး လုပ်ကြံဖန်တီးလိုက်သည်။ ခင်သန္တာက ခွင့်လွှတ်စကား ဆိုလိုက်ရာ အားလုံး အဆင်ပြေသွားကြပြီး သစ္စာရှိရှိ ကြင်ကြင်နာနာဖြင့် တစ်လင် နှစ်မယားစနစ်ကို ဆန့်ကျင်ကာ တစ်လင်တစ်မယားစနစ်ကို အားပေးသွားကြရန် သန္နိဌာန်ချလိုက်ကြပါတော့ သတည်း။..........

LEAVE A REPLY

ဝေဖန်အကြံပြု ပေးပို့စာများတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် ပုဂ္ဂိုလ်ရေးကို ထိခိုက်စေနိုင်သော စာသားများ၊ နှင့်သတင်းအချက်အလက်များအား ပေးပို့ပါက Comments တွင် ဖေါ်ပြပေးမည် မဟုတ်ပါ။

Security code
Refresh